Friday, September 12, 2014

အနာဂတ် ဓမ္မကျောင်းတော်

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ဦးတည်လာတာနှင့် အမျှ အနောက် တိုင်းယဉ်ကျေးမှုများ မှာလည်း လူငယ်များ၏ ရင်ထဲ တစ်နေ့ထက်တစ်နေ့ သိသိသာသာကြီး တိုးဝင် လျှက်ရှိနေပါသည်။ ထိုသို့ဖြစ် လာခြင်း၏ ရလဒ်အဖြစ် ကျောင်းနေအရွယ်လူငယ်များသည် လူကြီးမိဘများနှင့် ဆရာ၊ ဆရာမများကို ရိုသေ လေးစားမှု နည်းပါးလာပြီး ယဉ်ကျေးမှုများ တစ်နေ့ထက်တစ်နေ့ သိသိသာသာကြီး ယို့ယွင်း လာရုံမျှပင်မကတော့ဘဲ အသက်မပြည့်သေးဘဲ အိမ်ထောင်ကျခြင်း၊ ဆယ်ကျော်သက်လူငယ်များ ကာမကျူးလွန်မှုတို့တွင်ပင် ပါဝင်နေသည့် လူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လျက်ရှိနေသည်ကို ကြားသိနေရပါသည်။
ကျန်တော်တို့ရဲ့ ချစ်စရာကောင်းသော ယဉ်ကျေးမှုများ မပျောက်ပျက်စေရေးအတွက် အသိဥာဏ်ရှိ သည့် လူကြီးမိဘများအားလုံး သေချာစဉ်းစားသင့်တဲ့အချိန်သို့ရောက်နေပြီဖြစ်သည်။ ကျောင်းစာ သင်ခန်း ထဲတွင် ကျောင်းသား လူငယ်များ သင်ခန်းစာသင်ကြားရခြင်းကို စိတ်မဝင်စားဘဲ ကွမ်းစား၊ ဆေးလိပ်သောက်ပြီး ဆရာ၊ ဆရာမများ၏ စကားကို အလေးတယူပင်မပြုတော့ဘဲရှိနေသည်မှာကျန်တော်တို့ မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းသော ဖော်ရွေသည့် ယဉ်ကျေးမှုများကို ကိုယ်ဟာကိုယ်ပင် ဖြတ်စီးနေသည့်အလား ဖြစ်နေပါသည်။
ရှေးရှေးအခါက မြန်မာမိန်းကလေးတွေက မိမိရဲ့ဂုဏ်သိက္ခာကို အသက်ထက်မက တန်ဖိုးထားကြသည်ကိုလည်း စာအုပ်စာပေများထဲတွင်ဖတ်ရှုနေရပါသည်။ ယောကျာ်းလေးနှင့်အတူ တွဲသွားတွဲ လာလုပ်ရင်ဘဲ ထိုသူများအားဘေးပတ်ဝန်းကျင်၏ အထင်သေးခြင်းကို ခံကြရသည်။ ယခုခေတ်မှာမူ ထိုသို့မဟုတ်တော့ဘဲ ယောက်ျားလေးများနှင့်အတူ အနောက်တိုင်းဝတ်စုံများနှင့် အရက်သောက်နေသည့် ဓါတ်ပုံများ၊ ယခင်မြန်မာ့အသိုင်းအဝိုင်းထဲတွင် မကောင်းသောနေရာဖြစ်သည်ဟု သတ်မှတ်ထားသည့် KTV. NIGHT CLUB များသို့ရောက်ရှိနေသည့် ဓါတ်ပုံများကို ကမ္ဘာမှာ အသုံးအမျုားဆုံးဖြစ်တဲ့ လူမှုကွန်ရက် Facebook စာမျက်နှာများမှာ ခဏခဏဆိုသလို တွေ့နေရပါသည်။
ဤဖြစ်ရပ်များ အချိန်ကြာလာသည်နှင့်အမျှ ပြုပြင်နိုင်ခြင်းမရှိတော့လျှင် တိုင်တစ်ပါးယဉ်ကျေးမှုမှ မိမိယဉ်ကျေးမှုအဖြစ်သို့ ကူးပြောင်းသွားနိုင်ပါသည်။ ယခုတောင် လူငယ်များ၏ စံနမူနာ၊ အတုယူအားကျစရာဖြစ်သည့် လူကြီးများကကို အနောက်တိုင်းယဉ်ကျေးမှုများအတိုင်းဝတ်ဆင်ထားသည်ကို တွေ့နေရပါသည်။
"လက်ဦးဆရာ၊မိနှင့်ဖ"ဆိုသည့်အတိုင်း လူငယ်များမွေးဖွားလာချိန်မှစတင်၍ အရွယ်ရောက် ကိုယ့်ဘဝကိုယ့်လမ်းကိုလျှောက်သည့် အချိန်အထိ မိဘများ၏ အရိပ်အာဝါသအောက်မှာ ကြီးပြင်းကြရတာဖြစ်သည်။ ဒါ့ကြောင့် မိဘတွေရဲ့ ပြုပြင်ပေးမှုနှင့် ဆိုဆုံးမမှုများမှာ သားသမီးများအတွက် ကောင်းရင်ကောင်းသည့် အလျောက် ဘဝလှပစေနိုင်ပါသည်။ သားသမီးများကို အချစ်လွန်ပြီး အလိုလိုက်သည့်မိဘများလည်း ရှိကြပါသည်။ ထိုသို့အလိုလိုက်ခြင်းခံရသော သားသမီးများက မိဘအပေါ်ဆိုးချင်းတိုင်းဆိုးပြီး မိဘအပေါ်အနိုင်ယူတဲ့အထိ ဖြစ်သွားနိုင်ပါသည်။ ချစ်တော့ချစ်ရမည် ဒါပေမယ့် အလိုလိုက်သည်ကိုတော့ စဉ်းစဉ်းစားစားနှင့် လုပ်ဖို့ရာ တိုက်တွန်းလိုပါသည်။
ထို့နောက်မိဘများက မိမိ သားသမီးများ၏ ဘဝလှပ တိုးတက်စေရေးနှင့် အသိဥာဏ်ကြီးမားသည့် လူတော်လူကောင်းများဖြစ်လာစေရန်အတွက် ဆရာ၊ဆရာမများထံသို့ ယုံယုံကြည်ကြည်နှင့် အပ်နှံလိုက်ကြသည်။ ဤကဲ့သို့ အပ်နှံခြင်းခံရသည့် ဆရာ၊ဆရာမများ၏ တာဝန်ကား အလွန်ပင်ကြီးလေးလှပါသည်။ အကြောင်းမှာ လူငယ်တွေရဲ့ ဘဝလမ်းကြောင်းကို ဖြောင့်ဖြောင့်ဖြူးဖြူးနှင့် အဓိပ္ပါယ်ရှိစေရန်အတွက်မိဘများကဲ့သို့ လမ်းပြသူများလည်း ဖြစ်သည်။
ဒါ့ကြောင့် ဆရာ၊ဆရာမများက အသိဥာဏ်ကြီးမားစွာဖြင့်ပင် လူငယ်များရဲ့ အနာဂတ်ကိုပြုပြင်ပေးရန်နှင့် ယဉ်ကျေးလိမ္မာလာစေရန်အတွက် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို အသွေးထဲအသားထဲအထိ စွဲမြဲစေရန် လုပ်ဆောင်ပေးရမည်မှာ အသိဥာဏ်ပညာ အမြော်အမြင်ကြီးမားသည့် ဆရာ၊ဆရာမများရဲ့ တာဝန်ပင်ဖြစ်သည်။
ရှေးယခင်ကလူငယ်များမိမိယဉ်ကျေးမှုကို တန်ဖိုးထားရခြင်းသည် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၌ သူတို့အတွက် မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ ယဉ်ကျေးလိမ္မာသင်ခန်းစာများ ကို သင်ကြားခြင်း ခံခဲ့ကြ ရခြင်းကြောင့် ဖြစ်သည်။
ဤအကြောင်းကို အသိဥာဏ်အမြော်အမြင်ကြီးမားတော်မူသည့် ရဟန်းပညာရှိ၊ လူပညာရှိများကို သိရှိလာကြပြီဖြစ်၍ ယခုအခါတွင် လူငယ်များအားပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဖြစ်သော ဓမ္မကျောင်း တော်များ၊ ဓမ္မစကူးလ်များ၊ ယဉ်ကျေးလိမ္မာ သင်တန်းများကို အလေးထား လုပ်ဆောင် လာနေကြပါသည်။
အဆိုပါ ဓမ္မကျောင်းတော်များသည် သင်ရိုးကုန်ရန်ကို ပဓါနမထားဘဲ စာတက်မြောက်ရန်ကိုသာ ပဓါနထားလုပ်ဆောင်၍ သင်ကြားလျက်ရှိပါသည်။ ယင်းဓမ္မကျောင်းတော်များ ရေရှည်တည်တံ့အောင်မြင်ရန်မှာ ကျောင်းထိုင်ဆရာတော်ဘုရားကြီးများ၊ မိဘများနှင့် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာများသည် အရေးကြီသော အခန်းကဏ္ဍမှ ပါဝင်သလို လူငယ်များ ကျောင်းတက် ရခြင်းကို ပျော်ရွှင်မှုရှိစေရန်လည်း လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော ဆရာ၊ ဆရာမများက ကျောင်းသားများအား ယခင်သင်ကြားနည်းဖြစ်သည့် တုတ်ကိုင်၍ သင်ကြားခြင်းသည် ကျောင်းသားများ ကြာလာသည်နှင့်အမျှငြီးငွေ့ပြီးကြောက်ရွံ့လာတက်ပါသည်။ ထိုအခါ ကျောင်းသားများက “ကျောင်းလည်းတက်ရ၊ ဓမ္မကျောင်းတော်လည်း တက်ရ”နှင့် ကျောင်းပျင်းချင်စိတ်များ ပေါ်ပေါက်လာနိုင်ပါသည်။ ထိုသို့ဖြစ်လာသောအခါ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ရန်မှာမဖြစ်နိုင်ပါ။  ထို့ကြောင့် ဓမ္မကျောင်းတော်ကို ပျော်ရွှင်စရာများနှင့် စိတ်ဝင်စားဖွယ်ကောင်းပြီး ခေတ်မှီသည့် သင်ကြားနည်း ဖြင့် သင်ကြားမှသာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည့်အတွက် ကမ္ဘာ့ပညာရှင်များအသိအမှတ်ပြုထားသည့် ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်း cca ဖြင့် သင်ကြားလျှက်ရှိသည်မှာ လူငယ်များအား ပြဿနာများတွင်လည်း ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်း၊ တစ်ဦးတစ်ယောက်ခြင်း စင်မြင့်ပေါ်တက်ပြောခြင်းစသည်တို့နှင့် အတူ ပျော်ပျော်ရွှင်ရွှင်သင်ကြားသည့်အတွက် မြတ်ဗုဒ္ဓ၏ ယဉ်ကျေးမှုအပေါ်အခြေခံသည့် မြန်မာ့စိတ်ဓါတ်များသာမက ဘဝထဲတွင်ပါ ပြဿနာများဖြေရှင်းတက်စေခြင်း၊ လူတောတိုးရာတွင် မရှက်မကြောက်ရှိခြင်း စသည်အကျိုးများကို ရရှိနိုင်မည်ဖြစ်သည်။ ဤအကြောင်းကို အသိဥာဏ်ကြီးပြီး ယဉ်ကျေးမှုကို ချစ်မြတ်နိုးသောမိဘများက မိမိတို့၏ သားသမီးများကို ဓမ္မကျောင်းတော်သို့ တက်ခိုင်းစေခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို ကာကွယ်နေခြင်းပင်ဖြစ်ပါသည်။
ဓမ္မကျောင်းတော်မှ သင်ကြားနေသည့် အဆုံးအမများသည် လူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်အောင် လမ်းပြဖော်ဆောင်ပေးလိမ့်မည်ဖြစ်သည်။ လူငယ်တစ်ယောက်ကောင်းခြင်းသည် သူတစ်ဦးတည်သာမက သူ၏အမူ အရာများသည် ဘေးပတ်ဝန်ကျင်ကိုပါ သက်ရောက်စေ၍ လူသားအများစုကို ပြုပြင်ခြင်းကဲ့သို့ပင် သဏ္ဍန်တူပါသည်။
အဆိုပါ ဓမ္မကျောင်းတော်ကြီးသာ ရေရှည်တည်တံ့အောင်မြင်မည်ဆိုပါက လူငယ်များ၏ စိတ်ဓါတ်များ၊ အရည်အချင်းများ၊ လုပ်ရပ်များကို ကမ္ဘာကပါ လေးစားလာသည်အထိ ဖြစ်နိုင်မည်ဖြစ်ပါသည်။
ဤအကြောင်းကို သိကြသည့် ဆရာတော်ဘုရားကြီးများက မိမိဘာသာ မိမိယဉ်ကျေးမှု မပျက်စီးရန်အတွက် ယခုအခါတွင် မိမိတို့ဘက်မှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်လာခြင်းသည် နောင်အနာဂတ်အတွက် ဝမ်းမြောက်စရာပင်ဖြစ်ပြီး ဆရာ၊ဆရာမမျာမှ တာဝန်သိစိတ်ဖြင့် ထမ်းဆောင်ပါက ကျန်တော်တို့ရဲ့ယဉ်ကျေးမှု၊ ကျန်တော်တို့ရဲ့ ဘာသာများရေရှည်တည်တံ့ခိုင်မာပြီး ခေတ်မှီနည်းပညာလည်းတိုးတက်၊ ယဉ်ကျေးမှုများပြန်လည်း အသက်ဝင်လာ၍ လူကြီးမိဘများသာမက ကျန်တော်တို့မြန်မာနိုင်ငံကြီးအေးချမ်းသာယာနိုင်မည်ဖြစ်သည်။


No comments: