Friday, September 12, 2014

နည်းပညာကို အခြေခံသော ယဉ်ကျေးမှု

နည်းပညာကို အခြေခံသော ယဉ်ကျေးမှု

                    ပြောင်းလဲတိုးတက်လာတဲ့ ခေတ်မှာ နည်းပညာနှင့် ပတ်သက်တဲ့ ပစ္စည်းများ ဈေးပေါပေါနှင့် ဝယ်၍ရလာပါသည်။ ကျန်တော်တို့ နိုင်ငံရဲ့ လူဦးရေအများစုရဲ့ လက်ထဲ (၃ ပုံ ၂ပုံ) မှာ အစရှိသည့် ပစ္စည်းများ ရောက်ရှိနေပြီဖြစ်သည်။ ခေတ်ရဲ့ တိုးတက်လာမှုကို ကျန်တော်တို့ အနေနှင့် ထိန်းချုပ်လို့ မရပါဘူး။ ဒါ့ကြောင့် မိဘများ၊ ဆရာ၊ဆရာမများက ယခင်ကအတိုင်း အမြင်ကျဉ်းနေ၍မရတော့ပေ။ လူငယ်များအား ၄င်း နည်းပညာ များရဲ့ ဘဝအပေါ်နှင့် အလုပ်အပေါ်ကောင်းကျိုး ဆိုးကျိုး၊ များကို ပြောပြ၍ ထိန်ကျောင်းပေး ရတော့မည်ဖြစ်သည်။ နည်းပညာများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ယနေ့လူငယ်များအပေါ် တိုက်ရိုက်သက်ရောက် လျက်ရှိသည့် အကျိုးအပြစ်များကို စဉ်းစားသင့် တဲ့ အခြေအနေရောက်ရှိနေပြီဖြစ်သည်။

          ယနေ့ ကမ္ဘာပေါ်တွင် IT နည်းပညာသည် လူတိုင်းနှင့် ရင်းနှီးကျွမ်းဝင်နေကြပြီဖြစ်သည်။ တော်ရုံတန်ရုံ ကလေးငယ်လေးကအစ တယ်လီဖုန်းကို ကိုယ်တိုင်နှိပ်ပြီး ပြောဆိုတက်နေကြပြီဖြစ်ပါသည်။ ယခုအခါ ကမ္ဘာ့လူသားအများစုသည် Facebook, Twitter အစရှိသည်တို့ကို တစ်ရက်လျှင်တစ်ခါဆိုသလောက် သူတို့ရဲ့ အားလပ်ချိန်ထဲက ဖဲ့၍ စီးပွားရေးလုပ်ငန်းရှင်ရော၊ သာမန်လူငယ်များပါ အသုံးပြုနေကြပါသည်။
          ထိုနည်းပညာများသည် လူသားအားလုံးရဲ့ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးတို့အတွက်များစွာ အထောက်အကူပြု လျက်ရှိပါသည်။ ၄င်းနည်းပညာများအပေါ်မူတည်၍ ကျွန်တော်တို့အားလုံး သိချင်တာ မှန်သမျှ၊ ဆောင်ရွက်ချင်တာမှန်သမျှ အားလုံးနီးပါးကို အချိန်တိုအတွင်း သိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် IT ဆိုသည်မှာ ဘဝကို ဖန်ဆင်းပေးသည့် ဖန်ဆင်းရှင်ကြီးပင်ဖြစ်ပါသည်။
          ကျွန်တော်တို့ ယခင်က ကိုယ့်လုပ်နေတဲ့လုပ်ငန်းကို လူတွေသိအောင်ကြော်ငြာချင်ရင် ပုံနှိပ်တိုက်သွားရ၊ အလုပ်သမားငှားပြီး လူသွားလူလာများတဲ့ ကွက်လပ်နေရာမှာ ကပ်ရနှင့် အချိန်ကုန်ငွေကုန် လူပင်ပန်းပြီး ရင်းနှီးပြီးမှ ကြော်ငြာရသည်။ ယခုအခါတွင် မိမိရဲ့ ကုန်ပစ္စည်း၊ မိမိရဲ့ လုပ်ငန်းများကို Facebook. Twitter အစရှိသည်တို့အပေါ်ကိုတင်၍ အချိန်လည်း အကုန်သက်သာ၊ ငွေလည်း အကုန်သက်သာ၊ ပင်လည်း မပင်ပန်းနှင့် လူအများသိအောင်လုပ်နိုင်ပြီဖြစ်သည်။ ဒါ့အပြင် မိမိရဲ့ စိတ်ခံစားချက်များနှင့်  မိမိသိချင်နေ သည့်အကြောင်းအရာများကိုလည်း Status တင်ပြီး မိမိသူငယ်ချင်းများထံမှ အကြံဥာဏ်များ၊ အကူအညီ များကို ရယူနေကြ၍ ပြန်လည် အသုံးချနေကြပြီဖြစ်သည်။
          လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်တော်တို့တစ်တွေ နိုင်ငံခြားမှ ပညာကိုသင်ယူလိုလျှင် ငွေကြေး အမြောက်အမြား အကုန်ကျခံပြီးမှ လိုချင်သော ပညာကိုသင်ယူရသည်။ အခြေခံလူတန်းစားများကမူ ပညာကို သင်ယူလိုတဲ့စိတ်ပြင်းပြသော်လည်း မသင်ယူနိုင်ဘဲ ရှိနေပါသည်။ ယခုအချိန်တွင် ငွေကြေးအနည်းငယ်မျှ အကုန်ကျခံကာ သာမန်လူတန်းစားကအစ ကမ္ဘာကျော်တက္ကသိုလ်များရှိ နာမည် ကျော်ကြားသော ပေါမ္ခောများ ထံမှ မိမိတို့ သင်ကြားလိုသည့် ပညာကို ထိုင်လျက်မပင်မပန်းဘဲ အင်္ဂလိပ်စာအနည်းငယ်မျှကျွမ်းကျင်ရုံဖြင့် သင်ယူနိုင်မည်ဖြစ်သည်။
          ဘဝအောင်မြင်ရန်အတွက် အချိန်သည် အကြောင်းအရင်းပင်ဖြစ်သည်။ ဘဝကို တကယ်ဖွံ့ဖြိုး တိုးတက်ပြီး အောင်မြင်ချင်သောလူငယ်များကမူ မိမိရဲ့အားလပ်ချိန်များကို တန်ဖိုးရှိသော အလုပ်တစ်ခုတွင် အသုံးချကြပါသည်။ အားလပ်ချိန် အနည်းငယ်သာရသည့်ကြားက အချိန်ကို တန်ဖိုးရှိရှိ အသုံးချ ချင်သောသူအဖို့ IT ဖွံ့ဖြိုးတိုးတက်လာမှုသည် ဘဝအောင်မြင်ရေးလမ်းညွှန်ပေးသည့် အရာအနေနှင့် ပြည်ပနိုင်ငံမှ ပညာရပ် များကို သင်ယူနေကြပြီဖြစ်သည်။
          တစ်ချို့လူငယ်များကမူ ထိုသို့မဟုတ်ဘဲ Facebook, Twitter တို့ပေါ်မှာပုံစံအမျိုးမျိုးနဲ့ကြွားဝါကြတာ ကို တာဝန်တစ်ခု၊အလုပ်ကြီးတစ်ခုလိုမိုးလင်းမိုးချုပ်တနေကုန်အချိန်ပေးပြီးဘာလုပ်နေတယ်၊ဘယ်ရောက်နေတယ်၊ဘာစားနေတယ်၊ဘယ်လိုခံစားနေရတယ်၊ဘာရောဂါဖြစ်နေတယ်အများကြီးပဲ ဓါတ်ပုံတွေရိုက်တင်၊ဗီဒီယိုတွေတင်နဲ့အလုပ်ရှုပ်နေကြတဲ့သူများလည်းရှိသည်။
          ထိုလူငယ်များသာ ပညာကို ယခုလိုမျိုးအချိန်ပေးပြီးလေ့လာလျှင် ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်များသို့ တက်ရောက်နိုင်လိမ့်မည်ဟု ဆိုလျှင် လွဲမည်မထင်ပါ။ လုပ်ငန်းလုပ်နေတဲ့ သူတွေဆိုရင်လည်း ထိုလုပ်ငန်း အောင်မြင်မည်မှာ အမှန်ပင်ဖြစ်သည်။
          ယနေ့ ပြောင်းလဲလာသော နည်းပညာများကြောင့် သာမန်အခြေခံလူတန်းစားများတောင်မှ ပညာရေးဘက်မှာ တိုးတက်နေကြပြီဖြစ်သည်။ ဒါကလည်း တကယ်ပညာလိုချင်၍ သိချင်တက်ချင်စိတ်ပြင်းပြပြီး ပညာကို ကြိုးစားပြီးလိုက်နာပါမှသာ တိုးတက်မည်ဖြစ်သည်။ ယနေ့လူငယ်တစ်ချို့ကမူ နည်းပညာ တိုးတက်မှုကို အခွင့်ကောင်းယူကာ ဘဝအတွက် လိုက်နာမှတ်သားစရာပညာများကို မလေ့လာဘဲ၊ တိုင်းတစ်ပါး ယဉ်ကျေးမှုများကို လေ့လာကာ တန်ဖိုးရှိသည့် အချိန်ကို အလဟဿ အသုံးချပြီး အတုယူနေခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လာခြင်းသည် အချိန်ကြာလာသည်နှင့် အမျှ တိုင်းတစ်ပါးယဉ်ကျေးမှုများ မိမိယဉ်ကျေးမှုများအဖြစ်သို့ ကူးပြောင်းလာနိုင်ပါသည်။ယခုတောင်မှ လူငယ်များအကြားသာမက လူကြီးများကြား တွင်လည်း မြန်မာဆန်ဆန် ဝတ်စား သွားရင် အထင်သေးစရာအဖြစ်နဲ့ တွေ့ကြုံနေရပြီဖြစ်သည်။
          လူငယ်တွေရဲ့ မှတ်ဥာဏ်အားကောင်းတဲ့ အချိန်ဟာ မွေးကင်းစမှစ၍ (၁၁)နှစ်အတွင်းဟု ဆိုကြပါသည်။ ဒါ့ကြောင့် လူကြီးမိဘများက မိမိသားသမီးများကို ဥာဏ်ရည် ဥာဏ်သွေးများထက်မြတ်လာစေရန်အတွက် သေချာဂရုစိုက် လေ့လာ ပျိုးထောင်ပေးသင့်ပါသည်။ ထိုသို့မှ မပျိုးထောင်ပေးလျှင် သူတို့ရဲ့ အနာဂတ်ဟာ လှပလာတော့မည် မဟုတ်ပါ။ ယနေ့မိဘအချို့သည် ကလေးငယ်များကို ငယ်ငယ်ရွယ်ရွယ်ကပင် အလိုလိုက်၍ သူတို့ရဲ့ ဆန္ဒများကို ဖြည့်ဆည်းပေးနေကြပါသည်။ မိဘတွေကသူတို့ရဲ့ကလေးတွေအတွက်အကောင်းဆုံးဆိုတာကိုအမြဲအလိုရှိကြတယ်ဆိုတာကိုတော့ ငြင်းဆန်လို့မရပါဘူး။ ထို့ကြောင့် ယနေ့လူကြီးမိဘများက မိမိရဲ့ သားငယ်သမီးငယ်များကို နည်းပညာပတ်သက်၍ ယခုအချိန်ကတည်းက လူငယ်များရဲ့ လေ့လာနေမှုကို အထိုက်အလျောက်ထိန်ချုပ်ထားမှသာ နောင်တစ်ချိန်တွင်စိတ်အေးရ မည်ဖြစ်ပါသည်။       
          ဤသည်မှာ နည်းပညာများဖွံ့ဖြိုးတိုးတက်လာသောကြောင့် ၄င်းပညာရပ်များ အပေါ် အခြေခံ၍ ယနေ့လူငယ်များပြောင်းလဲလာကြခြင်းဖြစ်သည်။ ထိုပြောင်းလဲလာမှုထဲတွင် ယဉ်ကျေးမှုကအစ၊ နေပုံထိုင်ပုံနှင့် စကားပြောဆိုပုံများပါ ပါဝင်ပါသည်။ ထိုအကြောင်းအရာများကို ယနေ့လူကြီးမိဘများက အကောင်းအဆိုးနှစ်မျိုးလုံးနှင့် အကျိုးရလဒ်များကို ယှဉ်တွဲပြ၍ အကင်းပါးပါးဖြင့် သားသမီးတွေရဲ့ အနာဂတ် ဘဝလှပဖြောင့်ဖြူးအောင်း လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။ လူငယ်များရဲ့ ဘဝကို လူကြီးမိဘများက လမ်းညွှန်ပေးသလို ယခုအခါတွင် အပတ်စဉ် တနင်္ဂနွေနေ့များ၌ မြတ်ဗုဒ္ဓ၏ တရားအပေါ်အခြေခံလျှက် သင်ကြားပေးသော ဓမ္မကျောင်းတော်များကို အသိဥာဏ်ကြီးမားသည့် ဆရာတော်များမှ ဦးဆောင်ကာ  မြန်မာနိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်၍ သင်ကြားပေးနေပြီဖြစ်သည်။ ၄င်းကျောင်းများက  သင်ကြားရာတွင် ပျော်ရွှင်မှုကိုသာဦးစားပေးပြီး သင်ကြားပေးရုံသာမက ကိုယ်တိုင်းပါဝင်စေခြင်းများကြောင့် လူငယ်များပြဿနာများလည်း ကိုယ်တိုင်ပါဝင် ဖြေရှင်းတက်ခြင်းများနှင့် လိမ္မာယဉ်ကျေးလာမည်မှာအမှန်ပင်ဖြစ်ပါသည်။
          အဆိုပါကျောင်းများမှ သင်ကြားပေးသော သင်ခန်းစာများသည် သူတို့၏ ဘဝကို ဖွံ့ဖြိုးတိုးတက်ပြီး လှပအောင်လမ်းပြခေါ်ဆောင်သွားလိမ့်မည်ဖြစ်သည်။



No comments: