Friday, September 12, 2014

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ဦးတည်လာသည်နှင့် အမျှ အနောက်တိုင်းယဉ်ကျေးမှုများမှာလည်း လူငယ်များ၏ ရင်ထဲ တစ်နေ့ထက်တစ်နေ့ သိသိသာသာကြီး တိုးဝင် လျှက်ရှိနေပါသည်။ ထိုသို့ဖြစ်လာခြင်း၏ ရလဒ်အဖြစ် ကျောင်းနေအရွယ်လူငယ်များသည် လူကြီးမိဘများနှင့် ဆရာ၊ ဆရာမများကို ရိုသေလေးစားမှု နည်းပါးလာပြီး ယဉ်ကျေးမှုများ တစ်နေ့ထက်တစ်နေ့ သိသိသာသာကြီး ယို့ယွင်းလာရုံမျှပင်မကတော့ဘဲ အသက်မပြည့်သေးဘဲ အိမ်ထောင်ကျခြင်း၊ ဆယ်ကျော်သက်လူငယ်များ ကာမကျူးလွန်မှုတို့တွင်ပင် ပါဝင်နေသည့် လူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လျက်ရှိနေသည်ကို ကြားသိနေရပါသည်။
ထိုသို့ မြန်မာ့ယဉ်ကျေးမှုများနည်းပါးလာပြီး ဤသို့ဖြစ်နေသည်ကိုယနေ့လူကြီးမိဘများသည် လူငယ်များ၏ အနာဂတ် ရှေ့ဆက် မည်သို့ ဖြစ်နိုင်မည့်အရေးကိုလူကြီးမိဘများအားလုံးသေချာစဉ်းစားသင့်တဲ့အချိန်သို့ရောက်ရှိနေပြီဖြစ်သည်။ ကျောင်းစာ သင်ခန်း ထဲတွင် ကျောင်းသား လူငယ်များ သင်ခန်းစာသင်ကြားရခြင်းကို စိတ်မဝင်စားဘဲ ကွမ်းစား၊ ဆေးလိပ်သောက်ပြီး ဆရာ၊ ဆရာမများ၏ စကားကို အလေးတယူပင်မပြုတော့ဘဲရှိနေသည်မှာ ယနေ့လူငယ် များ၏ ယဉ်ကျေးမှု ပျက်စီး ဆုတ်ယုတ်ခြင်း၏ သရုပ်ကို ဖော်ပြနေခြင်း ဖြစ်နေပါသည်။
ရှေးရှေးအခါကာလက မြန်မာမိန်းကလေးများသည် သင်္ကြန်အခါသမယတွင်  မိဘများနှင့် အတူ ဘုန်းတော်ကြီးကျောင်းများသို့လိုက်ကာ ဥပုသ်သီလဆောက်တည်ခြင်းများ ပြုလုပ်၍ မိမိတို့၏ ဂုဏ်သိက္ခာကို မြတ်နိုးစွားထိန်းသိမ်းကြပါသည်။  ယနေ့လူငယ်မိန်းကလေးများသည် ထိုသို့မဟုတ်တော့ဘဲ လူကြီးမိဘ များ၏ ဆိုဆုံးမမှုများ မရရှိကြ၍လားမသိ၊ မိမိ၏ဂုဏ်သိက္ခာများကို တန်းဖိုးမထားကြတော့သည်လားမသိ အမျိုးသားများနည်းတူ သရုပ်ပြတ်ဝတ်စားဆင်ယင်မှုများနှင့် ဘီယာဆိုင်များတွင်ပါဝင်လာနေသည်မှာ နောင် အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ် နေပါသည်။ ဒိထက်ရင်လေးစရာကောင်းသည်မှာ ယနေ့လူငယ်များ Night Class များ KTV များသို့ ရောက်ရှိခြင်းကိုလည်း ဂုဏ်ယူဝင့်ကြွားစွာမိမိရဲ့ ဂုဏ်သိက္ခာကို မငှဲ့ကွက်ဘဲ အရှက်အကြောက်မရှိ လူမှုကွန်ရက်များတွင် ဖော်ပြပြောဆိုခြင်းများကိုလည်း မကြခဏ တွေ့နေရပါသည်။
ဤဖြစ်ရပ်များသည် အချိန်ကြာလာသည်နှင့် အမျှ ပြုပြင်နိုင်ခြင်းမရှိတော့လျှင် တိုင်တစ်ပါးယဉ်ကျေးမှုမှ မိမိယဉ်ကျေးမှုအဖြစ်သို့ ကူးပြောင်းသွားနိုင်ပါသည်။ ယခုတောင်မှ လူငယ်များအကြားသာမက လူကြီးများကြား တွင်လည်း မြန်မာဆန်ဆန် ဝတ်စား သွားရင် အထင်သေးစရာအဖြစ်နဲ့ နှိမ်ချပြောဆိုလာနေပါသည်။ ကျောင်းသားဘဝသည် လူငယ်များ၏ ဘဝတိုးတက်ရန်နှင့် အနာဂတ် အတွက် အခြေံကျသော အချိန်ပင်ဖြစ်သည်။ ထိုအချိန်မယ်မှမပြုပြင်ပေးနိုင်ကြလျှင် လူကြီးဖြစ်ဖို့အားယူနေသည့် ယနေ့လူငယ်များ၏ ဘဝနှင့် အနာဂတ်သည် ငြိမ်းချမ်းလှပတော့မည်မဟုတ်ပါ။
ရှေးယခင်ကလူငယ်များမိမိယဉ်ကျေးမှုကို တန်ဖိုးထားရခြင်းမှာ ဘုန်းတော်ကြီးသင်စာသင် ကျောင်းများ ၌ သူတို့အတွက် မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ ယဉ်ကျေးလိမ္မာသင်ခန်းစာများ ကို သင်ကြားခြင်း ခံခဲ့ကြ ရခြင်းကြောင့် ဖြစ်သည်။
ဤအကြောင်းကို အသိဥာဏ်အမြော်အမြင်ကြီးမားတော်မူသည့် ရဟန်းပညာရှိ၊ လူပညာရှိများကို သိရှိလာကြပြီဖြစ်၍ ယခုအခါတွင် လူငယ်များအားပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဖြစ်သော ဓမ္မကျောင်း တော်များ၊ ဓမ္မစကူးလ်များ၊ ယဉ်ကျေးလိမ္မာ သင်တန်းများကို အလေးထား လုပ်ဆောင် လာနေကြပါသည်။
ယင်းဓမ္မကျောင်းတော်များ ရေရှည်တည်တံ့အောင်မြင်ရန်မှာ ကျောင်းထိုင်ဆရာတော်ဘုရားကြီးများ၊ မိဘများနှင့် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာများသည် အရေးကြီသော အခန်းကဏ္ဍမှ ပါဝင်သလို လူငယ်များ ကျောင်းတက် ရခြင်းကိုပျော်ရွှင်မှုရှိစေရန်လည်း လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော ဆရာ၊ ဆရာမများက ကျောင်းသားများအား ယခင်သင်ကြားနည်းဖြစ်သည့် တုတ်ကိုင်၍ သင်ကြားခြင်းသည် ကျောင်းသားများ ကြာလာသည်နှင့်အမျှ ငြီးငွေ့၍ကြောင်ရွံ့လာတက်ပါသည်။ ကျန်တော်မှတ်မိသေးသည်။ ကျန်တော်တို့အတန်းထဲ ဘာသာရပ်တစ်ခုကို သင်ကြားတဲ့ ဆရာမတစ်ယောက်က အရမ်းရိုက်လို့ ကျန်တော်တို့ ကျောင်းသားတွေ ထို ဆရာမအချိန်ဆိုရင် အခန်းထဲမှာပင် မနေရဲရလောက်အောင်ဖြစ်ခဲ့ ဖူးပါသည်။
ထိုမျှ မကဘဲ ဆရာ၊ ဆရာမများ၏ ကျောင်းသားများအပေါ်ဆက်ဆံမှုသည်လည်း တစ်ယောက်တစ်မျိုး ဖြစ်မနေ သင့်ပေ။ ဒီအ ကြောင်းနှင့် ပတ်သက်၍လည်း ဆရာမတစ်ယောက်ပါဘဲ။ အဲ့ဒိဆရာမက ပိုက်ဆံရှိတဲ့ ကျောင်းသားဆိုရင် ဆက်ဆံပုံကတစ်မျိုး၊ မရှိတဲ့ကျောင်းသားဆိုရင်တစ်မျိုး၊ စာရတဲ့ကျောင်းသားဆိုရင်တစ်မျိုး၊ စာမရတဲ့ကျောင်းသားဆိုရင်တစ်မျိုး အမျိုးမျိုးဆက်ဆံတဲ့ ဆရာမနှင့် တွေ့ကြုံခဲ့ဖူးသည်။ ထိုအခါ ကျန်တော်၏ စိတ်ထဲတွင် အားငယ်စိတ်များဖြစ်ပေါ်လာပြီး ကိုယ့်ကိုယ့်ကိုရော မိဘများအပေါ်မှာပါ မကျေမနပ်ဖြစ်ခဲ့တဲ့ အခြေအနေထိရောက်ခဲ့ဖူးသည်အထိ ရှိခဲ့ဘူးသည်။အဆိုပါ ဖြစ်ရပ်မျိုးများ ဓမ္မကျောင်းတော်များတွင်ရှိလာပါက ကျောင်းသားများသည် “ကျောင်းလည်းတက်ရ၊ ဓမ္မကျောင်းတော်လည်း တက်ရ” ဟူ၍ ကျောင်းပျင်းချင်စိတ်များ ပေါ်ပေါက်လာနိုင်ပါသည်။ ထိုသို့ဖြစ်လာတာနှင့် အမျှ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ရန်မှာမဖြစ်နိုင်ပါ။  ထို့ကြောင့် ဓမ္မကျောင်းတော်ကို ပျော်ရွှင်စရာများနှင့် စိတ်ဝင်စားဖွယ်ကောင်းပြီး ခေတ်မှီသည့် သင်ကြားနည်းဖြင့် သင်ကြားမှသာ ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါသည်။
ယခင်က ဆရာ၊ ဆရာမများကို အရည်အချင်းနှင့် စိတ်ဓါတ်မြင့်တင်ရာတွင် ဦးဆောင်ဆရာတော်များမှ မိမိတို့တက်စွမ်းသမျှ နည်းပြဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုအခါတွင်စည်းလုံးခြင်းသည် အင်အားဟူသကဲ့သို့ ယဉ်ကျေးလိမ္မာအဖွဲ့အစည်းမှ ဆရာတော်ဘုရားကြီးများ ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ကြီးဖွဲ့စည်းပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် နည်းပြဆရာဖြစ်သင်တန်းများ ကို စည်းစည်းလုံးလုံး  ညီညီညွတ်ညွတ်နှင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ ဤအဖွဲ့အစည်းမှ မြန်မာနိုင်ငံအနှံ့အပြားဖွင့် သင်ကြားလျှက်ရှိသော ဓမ္မကျောင်းတော်များမှ အခတ်အခဲများကို ကူညီဖြေရှင်းပေးမည်ဖြစ်၍ နောင် အနာဂတ်အတွက် ဝမ်းမြောက်စရာကောင်းပါသည်။
ထို့ကြောင့် ဆရာတော်ဘုရားကြီးများက မိမိဘာသာ မိမိယဉ်ကျေးမှု မပျက်စီးရန်အတွက် ယခုအခါတွင် မိမိတို့ဘက်မှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်လာခြင်းသည် နောင်အနာဂတ်အတွက် ဝမ်းမြောက်စရာပင်ဖြစ်နေပါတော့သည်။

No comments: